နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင် ကြမည့် အရာထမ်း/အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြား
(၂၆-၈-၂၀၂၅ ရက် ၊ နေပြည်တော်)
ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန် ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားသည့် အခမ်းအနားကို ၂၆-၈-၂၀၂၅ ရက်၊ အင်္ဂါနေ့ (၁၄:၀၀)နာရီအချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စတုရင်္ဂဗလခန်းမ၌ ကျင်းပ ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ဦးနိုင်မင်းကျော်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်ပသို့ သွားရောက် တာဝန်ထမ်း ဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများပါဝင် တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားအစီအစဉ်အရ သံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများတွင် သွားရောက် တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းများနှင့် အမှုထမ်းများက ၎င်းတို့ သွားရောက် တာဝန်ထမ်း ဆောင်ခဲ့သည့် နိုင်ငံများ၊ ယခုသွားရောက်တာဝန်ထမ်းဆောင်ရမည့် နိုင်ငံများကို တစ်ဦးချင်းစီ အနေဖြင့် မိတ်ဆက်တင်ပြကြပါသည်။
ထိုသို့တင်ပြမှုများပြီးသည့်နောက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အမှာစကားပြောကြားရာ၌ ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား သတ်မှတ်ရွေးချယ်စေလွှတ်ခြင်းခံရမှုအပေါ် ဝမ်းသာဂုဏ်ယူ ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနရှိ ဝန်ထမ်းသုံးပုံတစ်ပုံသည် ပြည်ပတွင် တာဝန် ထမ်းဆောင်လျက်ရှိကြောင်း၊ သံတမန်ဝန်ထမ်းတစ်ဦးအနေဖြင့် မိမိနိုင်ငံတော်အပေါ် သစ္စာရှိရန် အထူးမှာကြားလိုကြောင်း၊ ဒို့တာဝန်အရေးသုံးပါးအား အစဉ်အလေးထား၍ တာဝန် ထမ်းဆောင်ကြရန် လိုအပ်ကြောင်း၊ ထမ်းဆောင်ရမည့် တာဝန်များကို မိမိတို့၏ အသက်နှင့် ထပ်တူ အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ သံတမန်တစ်ဦး၏ အရည်အသွေး၊ အရည်အချင်းများနှင့် ပြည့်စုံပြီး ဆင်ခြင်တုံတရား ရှိရှိဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ Good Listener ကောင်းတစ်ယောက်ဖြစ်မှသာလျှင် လေ့လာသင်ယူနိုင်ပြီး အကျိုးရှိစွာ ပြန်လည်အသုံးချဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ အဓိကဘာသာစကားဖြစ်သည့် အင်္ဂလိပ် ဘာသာစကားကို ကောင်းမွန်စွာ ပြောဆိုနိုင်မှသာလျှင် မိမိအား အရေးကြီးသော လုပ်ငန်းများကို ပေးအပ်လာပါက မိမိအနေဖြင့် တိုက်ရိုက်ဆက်သွယ်ပြောဆို ဆက်ဆံနိုင်မှာ ဖြစ်ကြောင်း၊ သုံးနှစ်တာကာလအတွင်း သွားရောက်တာဝန်ထမ်းဆောင်မည့်နိုင်ငံ၏ ဘာသာ စကားအပြင် အခြားဘာသာစကားများကိုလည်း တတ်မြောက်နိုင်ရေး ကြိုးစား လေ့လာ သင်ယူစေလိုကြောင်း၊ ယခင်က ကြုံတွေ့ခဲ့ရသည့် ပြဿနာရပ်များကို လေ့လာသင်ယူကာ ကိုယ်ပိုင်အကြံဉာဏ်ဖြင့် ဖြေရှင်းနိုင်ရေး Problem Solving Skill ရှိရန် လိုအပ်ကြောင်း၊ ပြဿနာများကို ဖြေရှင်းရာတွင် စိတ်ဝင်စားမှုရှိပြီး ပိုမိုကောင်းမွန်သော နည်းလမ်းများ ကိုလည်း စဉ်းစားထားရန် အရေးကြီးကြောင်း၊ တစ်ဦးနှင့်တစ်ဦး အကျိုးစီးပွားထိခိုက်စေမည့် ကိစ္စရပ်များကို ရှောင်ရှားစေလိုကြောင်း၊ သံတမန်ဆိုသည်မှာ နိုင်ငံကို ကိုယ်စားပြု၍ မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဂုဏ်သိက္ခာကို ဖော်ဆောင်ကြရခြင်းဖြစ်ကြောင်း၊ လူအင်အား အနည်းဆုံးဖြင့် ကြီးမားသည့် တာဝန်ကို ထမ်းဆောင်ရခြင်းဖြစ်၍ တစ်ဦးနှင့်တစ်ဦး ချစ်ခင်စည်းလုံးစွာ ဆောင်ရွက်ကြစေလိုကြောင်း၊ အထူးသဖြင့် ကျန်းမာရေးကို အထူးဂရုစိုက် ရန်လည်း မှာကြားလိုကြောင်း၊ နိုင်ငံ့သိက္ခာကျစေမည့် ကိစ္စရပ်များကို မလုပ်ရန် လိုအပ်ကြောင်း၊ ယနေ့ခေတ်တွင် ပညာရပ်များကို လေ့လာနိုင်သည့် အခွင့်အရေးများစွာ ရှိသည့်အတွက် မရှက်မကြောက်ကြိုးစားသင်ယူကြစေလိုကြောင်း၊ သွားရောက် တာဝန် ထမ်းဆောင်မည့်နိုင်ငံ၏ ကောင်းမွန်သော အမူအကျင့်၊ အလေ့အထများကိုလည်း လေ့လာ ဆည်းပူးနိုင်ပြီး အသုံးချတတ်ရန် လိုအပ်ကြောင်း၊ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ကိုယ်ရည်ကိုယ်သွေးကောင်းမွန်အောင်၊ ထက်မြက်အောင်၊ ဂုဏ်သိက္ခာရှိအောင်၊ တစ်ဆင့် ထက်တစ်ဆင့် ပိုမိုမြင့်မားလာစေအောင် ကြိုးစားနေကြရမှာဖြစ်ပြီး မိမိတို့၏ Capacity ကို အမြဲမြှင့်တင်နေရန်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် အောင်မြင်မှုများရရှိကြသည်ကိုသာ မြင်တွေ့ လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့တာဝန်များကို အောင်မြင်စွာဖြင့် ထမ်းဆောင်နိုင် ကြပါစေကြောင်း ပြောကြားခဲ့ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887



