နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့ သတ္တမအကြိမ်မြောက် မြန်မာ-တရုတ် (ယူနန်) ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက် (၁၂-၁၂-၂၀၂၄ ရက်)
(၁၂-၁၂-၂၀၂၄ ရက်၊ ကူမင်း)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး ဦးဆောင်လျက် ဝန်ကြီးဌာန (၁၂)ခုမှ အစိုးရကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ်များလိုက်ပါသည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၀-၁၂-၂၀၂၄ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Wyndham Grand Plaza Hotel ၌ ကျင်းပပြုလုပ်သည့် သတ္တမအကြိမ်မြောက် မြန်မာ-တရုတ် (ယူနန်) ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်ခဲ့သည်။ ကူမင်းမြို့တွင်ရောက်ရှိနေစဉ် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် ယူနန်ပြည်နယ်၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ မစ္စတာဟူတဖန်နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ်ပြုလုပ်ခဲ့သည့်အပြင် အဆိုပါဖိုရမ်၏ မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့သည်။ မိန့်ခွန်းပြောကြားရာတွင် အဓိက အားဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံ အကြားတည်ရှိပြီး ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို အဆင့်မြှင့် တင်ရန်နှင့် ယူနန်ဖိုရမ်ယန္တရားအောက်တွင် မြန်မာနှင့် ယူနန်ပြည်နယ်တို့အကြား အပြန်အလှန် အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဖော်ဆောင်သွားရေးတို့ကို ပြောကြားခဲ့သည်။ ထို့အပြင် ဝန်ကြီးဌာနကိုယ်စားလှယ်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် အုပ်စုဆွေးနွေးမှုများသို့ တက်ရောက်ခဲ့ကာ မြန်မာဘက်မှ ဦးဆောင်ဆွေးနွေးသူများအဖြစ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များကလည်းကောင်း၊ တရုတ်ဘက်မှ ဦးဆောင်ဆွေးနွေးသူများအဖြစ် ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာနနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံးတို့မှ ကိုယ်စားလှယ်များကလည်းကောင်း အသီးသီးဆောင်ရွက်ခဲ့ ကြသည်။ အဆိုပါအုပ်စုဆွေးနွေးမှုများ၌ နှစ်နိုင်ငံ မဟာဗျူဟာမြောက် ဘက်စုံမိတ်ဖက်ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်ဖက်အကြား စိုက်ပျိုးရေး၊ ပို့ဆောင်ရေး၊ လျှပ်စစ်၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ် နှံမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ခရီးသွားလာမှုကဏ္ဍများ မြှင့်တင်ရေး၊ ချစ်ကြည်ရေး ညီအစ်မမြို့များ တည်ထောင်မှု မှတစ်ဆင့် နှစ်ဖက်ပြည်သူများအကြား အပြန်အလှန်ဖလှယ်မှု တိုးမြှင့်ဖော်ဆောင်ရေးကိစ္စရပ်များကို အဓိကဆွေးနွေးခဲ့ကြသည်။ အဆိုပါ အုပ်စုဆွေးနွေးမှုများ အပြီးတွင် မြန်မာဘက်မှ ကိုယ်စားလှယ်ခေါင်းဆောင်ဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တရုတ်ဘက်မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဖြစ်သူ ယူနန်ပြည်နယ်၊ ဒုတိယအုပ်ချုပ်ရေးမှူးတို့က ဖိုရမ်ဆိုင်ရာ အစည်းအဝေးမှတ်တမ်းကို နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ ကြသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယူနန် ပြည်နယ်၊ ဒုတိယအုပ်ချုပ်ရေးမှူးက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၂-၁၂-၂၀၂၄ ရက်၊ မွန်းလွဲပိုင်းတွင် ကူမင်းမြို့ရှိ Kunming Changshui အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရုံးနှင့် ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန် ချုပ်ရုံးတို့မှ တာဝန်ရှိသူများက လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887